၂၈ နိုဝင်ဘာ ၂၀၁၈ - ၁၈:၃၅
ကြံ့ခိုင်ရေးပါတီ ရွာတွေအရောက် လိုက်လံဆန်ရောင်းမည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ ပြည်သူတွေ စားဝတ်နေရေး အကြပ်အတည်းဖြေရှင်းပေးဖို့ ရွာတွေကို သွားရောက် ဆန်ရောင်းပေးနေတယ်လို့ နေပြည်တော် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးဝေလွင်က ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ ပြည်သူတွေ စားဝတ်နေရေး အကြပ်အတည်းဖြေရှင်းပေးဖို့ ရွာတွေကို သွားရောက် ဆန်ရောင်းပေးနေတယ်လို့  နေပြည်တော် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးဝေလွင်က ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၂၈ ရက်က နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုနယ်မြေ ပါတီရုံးခန်းမမှာ အမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ်ပွဲ အခမ်းအနားအပြီးမှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်အပေါ် ဖြေကြားခဲ့တာပါ။

အန်အယ်လ်ဒီ အစိုးရက ပြည်သူတွေရဲ့ စားဝတ်နေရေးအကြပ်တည်းကို မဖြေရှင်း နိုင်တာကြောင့် ပါတီက ဖြေရှင်းပေးနေရတယ်လို့လည်း ဦးဝေလွင်က ပြောပါတယ်။

“ကျနော်တို့ ပြည်သူတွေရဲ့ အခြေအနေဟာ ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံက ဖွံ့ဖြိုးတိုးတက်မှု မရှိသလောက်ကျဆင်းနေပါတယ်။ ဒီနေ့ ပြည်သူတွေရဲ့ ဘ၀စားဝတ်နေရေးကြပ်တည်းနေတဲ့ အချိန်မှာ လက်ရှိ အစိုးရက ဒီကြပ်တည်းနေတဲ့ ပြည်သူတွေကို ကြံရည်ဖန်ရည်ရှိရှိနဲ့ ဖြေရှင်းမပေး နိုင်ပေမယ့် ကျနော်တို့ အတိုက်ခံပါတီဖြစ်တဲ့ တနည်းအားဖြင့် ပြိုင်ဘက်ပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီက ရွာတွေအရောက် ဆန်ရောင်းပေးနေပါတယ်”

ဒါပေမယ့် ဒီဆန်တွေကို ဘယ်နေရာတွေကနေ  ဘယ်လိုနည်းလမ်းနဲ့ ရရှိပြီး ဘယ်ဈေးနဲ့ဝယ်ယူကာ ပြည်သူတွေထံ ပြန်လည် ရောင်းချပေးနေတယ်ဆိုတဲ့ ကိစ္စတွေကိုတော့ ပြောဆိုခဲ့တာမရှိပါဘူး။

ဒါအပြင် လက်ရှိ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ အပေါ်ကိုလည်းအားရစရာ မရှိဘူးလို့  ဦးဝေလွင်ကပြောပါတယ်။

“ခြုံငုံပြောရရင် ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံကတော့ အားရစရာမရှိဘူး။ ငွေကြေးတွေ တန်ဖိုးတွေကျတယ်။ ဒေါ်လာဈေးတွေတက်တယ်။ ရင်းနှီးမြှုပ်နှံမှုတွေ မရဘူး။ နောက် ကုန်ဈေးနှုန်းတွေ တက်တယ်။ မြန်မာငွေ တွေကျတယ်။ အဲ့ဒါက အခြေခံ ယေဘုယျ အချက်ပဲလို့ ပြောချင်ပါတယ်”

ဒီကနေ့နှီးနှောဖလှယ်ပွဲမှာ မြန်မာအမျိုးသမီးတွေနဲ့ မြန်မာနိုင်ငံရေးအခန်းကဏ္ဍ မြင့်တင်ရေး၊ အမျိုးသမီးတွေရဲ့ ဘ၀လုံခြုံမှု၊ ငြိမ်းချမ်းသာယာမှုနဲ့ လူမှုစီးပွားဘ၀ ဖံွ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးထုအတွင်း အမျိုးဂုဏ်ဇာတိဂုဏ် ထိန်းသိမ်းရေးနဲ့ အမျိုးသမီးပါတီဝင်တွေ စုဆောင်းပြီး ၂၀၂၀ ပြည့် ရွေးကောက်ပွဲအောင်ရေးအတွက် အမျိုးသမီးတွေကို လေ့ကျင့်ပျိုးထောင်ပေးရေးဆိုတဲ့ စာတမ်းတွေကို ဖတ်ကြားဆွေးနွေးခဲ့ကြပါတယ်။

=======================
251 / End